သတင်းများ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရ တို့အကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင် အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၅ စောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

                အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ အကောင်အထည်ဖော်မည့်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယအကြီးအကဲ Mr. Ashish Sharma ၊ အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

                အဆိုပါအခမ်းအနားတွင် “စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမား များ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန်အဆောက်အဦ စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန ဗဟုသုတဘဏ်တည်ထောင်ခြင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာမန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီးကလေးများကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”နှင့် “ရန်ကုန်တိုင်းဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုး ကြသည်။

                စီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ရှိပြီး “စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အခြောက်ခံစက်နှင့် အခြောက်ခံစက်ထားရန်အဆောက်အဦစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်း အားဖြင့် စပါးစိုက်ပျိုးသည့် လူ့အဖွဲ့အစည်းများ၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်နိုင်ခြင်း၊ “အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန ဗဟုသုတဘဏ် တည်ထောင်ခြင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ် ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် တက္ကသိုလ်အတွင်း ပညာရပ်နှင့် သုတေသနဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ၊ စာအုပ်စာတမ်းများ ရယူနိုင်သည့် ဗဟုသုတဘဏ် ထူထောင် နိုင်ခြင်း၊ “မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေး ပညာသိပ္ပံအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံချက်အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး အကောင်အထည် ဖော်ခြင်းအားဖြင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများရှိ ဆရာ၊ ဆရာမများသည် နည်းပညာရပ်များ လေ့လာသင်ယူခွင့်ရရှိနိုင်ခြင်း၊  မန္တလေးတိုင်းဒေသကြီးရှိ အမျိုးသမီး ကလေး များကျောင်းအတွက် တစ်ထပ်အဆောက်အဦ ဆောက်လုပ်ခြင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ” ကို လက်မှတ်ရေးထိုး အကောင်အထည် ဖော်ခြင်းအားဖြင့် အမျိုးသမီးကလေးများ၏ လူနေမှုဘဝပိုမိုတိုးတက်ကောင်းမွန်လာစေခြင်းနှင့် “ရန်ကုန်တိုင်းဒေသကြီး၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန တည်ထောင်ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ”ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခြင်းအားဖြင့် ရန်ကုန်မြို့၌ နိုင်ငံတကာလူသားချင်းစာနာမှု အကူအညီ များလက်ခံရာတွင် သယ်ယူပို့ဆောင်ရေးဆိုင်ရာဗဟိုဌာနအဖြစ် အမျိုးသားအဆင့် အကြီးစား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှု ဗဟိုဌာနအနေဖြင့် အထောက်အကူပေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိမည်ဖြစ်သည်။ စီမံချက်များအကောင်အထည်ဖော်ရေးအတွက် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီ ဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

                QIP စီမံချက်များသည် နှစ်နိုင်ငံအစိုးရ တို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်သည်။ ယမန်နှစ် ကလည်း အလားတူစီမံချက် ၃ ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းနှင့် အဆိုပါ QIP စီမံချက်များအား မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန်ရှိကြောင်း သတင်းရရှိသည်။