ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရ တို့အကြား “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၁၀ စောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ သက်ဆိုင်ရာ အကောင်အထည်ဖော်မည့်ဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယအကြီးအကဲ Mr. Ashish Sharma၊ အိန္ဒိယနိုင်ငံဘက်မှ တာဝန်ရှိ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် မှတ်တမ်းမော်ကွန်းများအား ဒီဂျစ်တယ်နည်းဖြင့် ထိန်းသိမ်း ခြင်း မြှင့်တင်ရေး စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို အမျိုးသားစီမံကိန်းဝန်ကြီးဌာနမှလည်းကောင်း၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် တိုင်းရင်း သားများအတွက် အိမ်သုံးဆိုလာစနစ်များထောက်ပံ့ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင် ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာမြတ်မုနိဘုရားတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အနုပညာလက်ရာများအား အစားထိုးရေးဆွဲခြင်း စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လည်းကောင်း၊ မြန်မာနိုင်ငံ နို့စားကျွဲ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှလည်းကောင်း၊ မြန်မာနိုင်ငံရှိ သမဝါယမ အသင်းသားတောင်သူများထံသို့ မှတ်ပုံတင် ထားပြီး အရည်အသွေး မြင့်မားသော ဝါနှင့်မတ်ပဲ မျိုးစေ့များ ပံ့ပိုးခြင်းဖြင့် လယ်ယာ ကုန်ထုတ် စွမ်းအားမြှင့်တင့်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ လည်းကောင်း၊ JCB အမျိုးအစား Breaker Gun ပါဝင်သော မြေတူးကော်တင်စက် (အသေး) တစ်စီးဝယ်ယူခြင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများအတွက် ပုံစံမပျက်စစ်ဆေးသော စမ်းသပ်ကိရိယာများ ဝယ်ယူခြင်း စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှလည်းကောင်း၊ Offline အင်္ဂလိပ် ဘာသာစကား သင်တန်းတည်ထောင်ဖွင့်လှစ်ခြင်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်းကောင်း၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုအတွက် အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်းဝါနှင့် မတ်ပဲမျိုးများ ရရှိရေးလုပ်ငန်း စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှလည်းကောင်း၊ ဆိုလာစွမ်းအင်သုံး ရေတင်ခြင်း စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လည်းကောင်း လက်မှတ်ရေးထိုးကြပြီး အဆိုပါနားလည်မှုစာချွန်လွှာများတွင် အိန္ဒိယနိုင်ငံအစိုးရ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma က လက်မှတ်ရေးထိုးကြသည်။
စီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၉,၇၃၅ ရှိပြီး စီမံချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။
QIP စီမံချက်များသည် နှစ်နိုင်ငံအစိုးရ တို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ တတိယနှစ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စီမံချက်တန်ဖိုးအားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုး ခွင့်ပြုပေး ခြင်းဖြစ်သည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၅ ခုကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခုကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်းနှင့် ယခု ၂၀၂၅- ၂၀၂၆ QIP စီမံချက် ၁၀ ခုကိုလည်း အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပါကြောင်းနှင့် လာမည့်ဘဏ္ဍာနှစ်အလိုက် QIP စီမံချက်များကိုလည်း ဆက်လက် ဆောင်ရွက်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။