သတင်းများ

နေပြည်တော် စက်တင်ဘာ ၂၈ ရက်

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်လာစေရန် ရည်ရွယ်၍ ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲ  (1st Business to Business Dialogue) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ၁၃:၃၀ နာရီတွင် ရုံးအမှတ်()၊ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၊ နေပြည်တော် တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။        


အဆိုပါ ဆွေးနွေးမှု အစီအစဉ်တွင် မြန်မာဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ရုရှားဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း သံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားနှင့် အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။

အစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၏ အာရှနှင့် သမုဒ္ဒရာကျွန်းစုနိုင်ငံများဆိုင်ရာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကော်မတီ ဒုတိယအကြီးအကဲ၊ အာရှနိုင်ငံဆိုင်ရာ ဆိုက်ဘေးရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဉက္ကဋ္ဌ နှင့် မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်း ဉက္ကဋ္ဌတို့က အမှာ စကားများ အသီးသီး ပြောကြားခဲ့သည်။


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြော ကြားရာတွင် ကိုဗစ် ၁၉ ကူးစက်ရောဂါအခြေအနေ တည်ငြိမ်ပါက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ထားသည့် တတိယအကြိမ် ရုရှား- မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ ကော်မရှင် အစည်းအဝေးမတိုင်မီ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်စေရန်အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့မှုများကို ကပ်ရောဂါအလွန် ပုံမှန်အခြေအနေသစ်နှင့် လိုက်လျောညီထွေဖြစ်အောင် အလေးထား ဆောင်ရွက်လျက် ရှိရာ စီးပွားရေး လုပ်ငန်းရှင်များအတွက် အစိုးရဌာနများနှင့် ချိတ်ဆက် ဆောင်ရွက်ရာတွင် စည်းမျဉ်း စည်းကမ်းများကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ ရိုးရှင်းလွယ်ကူစေရန်၊ စီးပွားရေးနှင့် သက်ဆိုင်သည့် ပါမစ်လိုင်စင်များ၊ ထောက်ခံချက်များ ရယူရာ တွင် Online ဝန်ဆောင်မှုပေးနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှု နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာ မှုရှိစေရန် စသည်ဖြင့် SMART Programmes ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အောက်မှ ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေအောင် One-Stop Service Center တည်ထောင်ကာ စံချိန်စံညွှန်းမီ လုပ်ထုံး လုပ်နည်းများဖြင့် အစိုးရဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု များ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံ အနာဂတ် အကျိုးစီးပွားကို ခိုင်မာအားကောင်းလာနိုင် စေပါကြောင်း၊ အဓိကအားဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်စေရန် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ ယခုလိုတွေ့ဆုံ၍ နှစ်ဖက် စိတ်ဝင်စားသည့် နယ်ပယ်၊ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများကို အပြန်အလှန် ဖလှယ်ခွင့်ရရှိပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊  လက်ရှိအခြေအနေတွင် မြန်မာ- ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏနည်းပါးနေသော်လည်း ယခုလို ပထမအကြိမ် စီးပွားရေး လုပ်ငန်းရှင်များ အချင်းချင်းဆွေးနွေးပွဲ (1st Business to Business Dialogue)  ဆောင်ရွက်ခြင်းမှသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏတိုးမြှင့်နိုင်ပြီး ရေရှည်ပူးပေါင်း ဆောင်ရွက်မှုကို ဆောင်ကြဉ်းပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။


အစီအစဉ်အရ ရုရှားနိုင်ငံဘက်မှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စွာပြုလုပ်နိုင်ရန် အတွက် ကြိုတင်သိရှိထားရမည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ များနှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆိုင်ရာ ဥပဒေ မူဘောင်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများ၊ အခွင့်အလမ်း များနှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိ ကြီးများမှ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံအနေဖြင့် လက်ရှိတွင် Eurasian Economic Union အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် မြန်မာ နိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ Eurasian Economic Union’s Common System of Tariff  Preferences ပေးအပ် လျက်ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့ ပို့ကုန်များတင်ပို့ရာတွင် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ရုရှား- မြန်မာ နှစ်နိုင်ငံအကြား အလားအလာရှိသော ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်ကဏ္ဍများနှင့်စပ်လျဉ်း၍  ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်းကဏ္ဍ၊  လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် စွမ်းအင် ကဏ္ဍ၊ စားသောက် ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊  သတ္တုတူးဖော်ရေး ကဏ္ဍစသည့် ကဏ္ဍ () ခုအား မြန်မာ- ရုရှား နှစ်ဖက် အစိုးရ/ ပုဂ္ဂလိက အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြ ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို စိတ်ဝင်တစား မေးမြန်းခဲ့ကြပြီး နှစ်ဖက်တာဝန်ရှိသူများက ရင်းနှီး ပွင့်လင်း စွာ ပြန်လည်ဖြေကြားခဲ့ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်နှင့် ညီနောင်အသင်းများ ဖြစ်သောမြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ အာမခံလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဝန်ဆောင် မှုအသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းတို့မှ ကိုယ်စားလှယ်များနှင့်  မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရှရှားသံရုံးမှ ကိုယ်စားလှယ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ရုရှားကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံဆိုင်ရာ ဆိုက်ဘေးရီးယား နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ သည်။