သတင်းများ


နေပြည်တော် ၊၂၀၂၁ ခုနှစ် ၊ အောက်တိုဘာ ၆ ရက်

၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလ ၆ ရက်နေ့  ၁၁ : ၃၀ နာရီမှ ၁၃ : ၃၀ နာရီအထိ Video Conferencing စနစ်ဖြင့် ကျင်းပသည့် အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသနဌာန (အီးအာရ်အိုင်အေ)နှင့် အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံဆိုင်ရာ အရှေ့အာရှနိုင်ငံများ၏ သံအမတ်များ  အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် သည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) မှ ပါဝင် တက်ရောက်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံဆိုင်ရာ အရှေ့အာရှနိုင်ငံများမှ သံအမတ်များ၊ အာဆီယံ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၅၀) ဦး တက်ရောက် ကြပါသည်။ 

အစည်းအဝေးတွင် အီးအာရ်အိုင်အေ၏ Chief Operation Officer Mr. KoJi Hachiyama က ၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၎င်းကာလ အလွန်အတွက် အီးအာရ်အိုင်အေက ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ကိုလည်းကောင်း၊ Senior Economist Dr. Dionisius A. Narjoko က ၂၀၂၅ အလွန် အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံ ခိုင်မာစေရေးကို လည်းကောင်း၊ Senior Energy Economist Dr. Han Phoumin က အာဆီယံ ကာဗွန်လျော့ချရေးလုပ်ငန်းစဉ်များကို လည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြပါသည်။

အဆိုပါ တင်ပြချက်များအပေါ် အီးအာရ်အိုင်အေ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံဆိုင်ရာ အရှေ့အာရှနိုင်ငံများမှ သံအမတ်များက  ဆွေးနွေးအကြံပြုခဲ့ကြပါသည်။