သတင်းများ

 (၄၃) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှု ဆိုင်ရာအဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေး(43rd Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) ၌ ဆွေးနွေးမှုများအား ရှင်းလင်းပြောကြားသည့် ဆွေးနွေးပွဲကို  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ဦးဆောင်၍ ယနေ့နံနက် ၁၀ နာရီတွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာဝါဝါမောင်က အင်ဒိုနီးရှားနိုင်ငံ၊ ဘေလီတန်ကျွန်း၌ ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက် နေ့မှ ၃ ရက်နေ့အထိ ကျင်းပခဲ့သည့် (၄၃) ကြိမ်မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှု ဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်းအဝေး၏ ဆွေးနွေးချက်များဖြစ်သည့် အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက် ရေးဆွဲရာတွင် အာဆီယံအနေဖြင့် ဆွေးနွေးထားရှိသည့် အချက်များ၊ ၂၀၂၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ် စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်မည့်  အာဆီယံ အဏ္ဏဝါစီးပွားရေးမူဘောင်ရေးဆွဲရန် ဆောင်ရွက်မှုများ၊  အာဆီယံ‌ဒေသတွင်း ပတ်ဝန်းကျင်ကိုထိခိုက်မှု လျော့နည်းစေသည့် စီးပွားရေး မူဘောင် အကောင်အထည်ဖော်မှု အခြေအနေများ၊  ဒေသတွင်း ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံ မဟာဗျူဟာရေးဆွဲခြင်းအတွက် လေ့လာမှုအစီအစဉ်ဆောင်ရွက်မှုများ၊ အာဆီယံ ဒီဂျစ်တယ် စီးပွားရေးမူဘောင်ရေးဆွဲခြင်း နှင့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် အတွက် ဆွေးနွေးဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်ရမည့် အချက် များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာသည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ကိုယ်စားလှယ်များက ဒေသတွင်း အကောင်အထည်ဖော်လျက်ရှိသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊­ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းတို့မှ  ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပါသည်။