သတင်းများ

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk ) အမှတ်စဉ် (၃၄) “အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃) ဆွေးနွေးပွဲအဖြစ် အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု”  ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယနေ့ ဆွေးနွေးတင်ပြမည့် အကြောင်းအရာ ခေါင်းစဉ်ပါ “အခြေခံ အဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာ အရေးကြီးပါကြောင်း၊ အခြေခံအဆောက်အအုံတွင် လမ်း၊ တံတား၊ ရထား၊ ဆိပ်ကမ်း၊ လေဆိပ်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ ရုံး၊ ကျောင်းများ၊ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု စင်တာ (Healthcare Center)၊ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှုနှင့် လုံခြုံရေးဆောင်ရွက် ပေးနေသည့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပါဝင်ပါကြောင်း၊ အခြေခံအဆောက် အအုံ ဆိုရာတွင် အမာစား အခြေခံအဆောက်အအုံ (Hard Infrastructure) ကို ရုပ်ဝတ္တုဆိုင်ရာ အခြေခံအဆောက်အအုံ (Physical  Infrastructure) နှင့် စီးပွားရေးဆိုင်ရာ အခြေခံ အဆောက်      အအုံ (Economic Infrastructure) ဟူ၍လည်းကောင်း၊ အပျော့စားအခြေခံ  အဆောက်အအုံ (Soft Infrastructure) ကို လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံ (Social Infrastructure) ဟူ၍ လည်းကောင်း အခြေခံအဆောက်အအုံ ၂ မျိုး ခွဲခြားနိုင်ပါကြောင်း၊  မည်သို့ပင် ခွဲခြားစေကာမူ အခြေခံအဆောက်အအုံဟူသည် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်လာစေရန်နှင့် ကျန်းမာ ရွှင်လန်းစွာဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် ကူညီထောက်ပံ့ပေးခြင်းဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံများ ၌ အခြေခံအဆောက်အအုံများကို တည်ဆောက်ရာတွင် အစိုးရမှ တည်ဆောက်ရေးအတွက် ငွေလုံးငွေရင်းအသုံးစရိတ်များ လျာထားကာ တည်ဆောက်သကဲ့သို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (Public- Private Partnerships- PPPs) ပုံစံ   အမျိုးမျိုးဖြင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်းများ ရှိပါကြောင်း၊  ရင်းနှီးမြှုပ်နှံမှုတွင်လည်း  ရုပ်ဝတ္တုပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု (Physical Investment)၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု (Financial Investment) နှင့် အနာဂတ်ကို မျှော်မှန်း၍ ရင်းနှီးမြှုပ်နှံသည့် လူသားရင်းနှီးမြှုပ်နှံမှု (Human Investment) ဟူ၍ ရင်းနှီးမြှုပ်နှံမှု ၃ မျိုးရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်စေရေးနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ဆောင်ရွက်ခြင်းဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိပါကြောင်း၊  သို့ဖြစ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အတွက် မရှိမဖြစ် အခြေခံကျသော အခြေခံအဆောက်အအုံ  ကဏ္ဍများဖြစ်သည့် စီးပွားရေးနှင် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများ (Economic and Social Infrastructures) တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဖိတ်ခေါ်နိုင်ရမည်ဖြစ်ပါကြောင်းဖြင့် တိုက်တွန်း မှာကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မြစန္ဒာက အခြေခံအဆောက်အအုံကဏ္ဍ ရင်းနှီးမြှုပ်နှံမှု” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ  ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးပေးခဲ့ပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်နှင့်  အရာထမ်း/ အမှုထမ်းများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၈၀ ကျော် တက်ရောက်ကြပါသည်။