သတင်းများ

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ  ဝါဝါမောင်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဒုတိယအကြီးအကဲ Mr. Ashish Sharma နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံပါသည်။

          ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား အိန္ဒိယနိုင်ငံမှ အကူအညီပေးအပ်သည့် စီမံချက် တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅‌ သောင်းထက်မပိုသော  မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Prjects-QIP)၊ စီမံချက် တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂ သန်းထက်မပိုသော အသေးစားဖွံ့ဖြိုးမှု စီမံကိန်းများ (Small Development Projects-SDP) နှင့် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေသည့် အခြားအကူအညီစီမံချက်များ ချောမွေ့စွာအကောင်အထည်ဖော်ရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်ဖက် ကိုယ်စားလှယ်များပါဝင်သည့် စီမံကိန်းဆိုင်ရာ စောင့်ကြည့်စစ်ဆေး ရေးပူးတွဲကော်မတီ (Joint Project Monitoring Committee - JPMC) ဖွဲ့စည်းရေး ကိစ္စရပ်များ၊ အဆိုပါစီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးရာတွင် လွယ်ကူ မြန်ဆန်စေရေးအတွက် စံ Memorandum of Understanding ပုံစံ ရေးဆွဲဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်‌ရေးဝန်ကြီးဌာနမှ  အဆင်မြင့်အရာရှိများနှင့် အိန္ဒိယသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။